Monday, October 15, 2012

အိမ်ပြန်မဲ့နေ့.......


အောက်တိုဘာရဲ့ ဆောင်းဝင်စရက်တွေမှာပေါ့... မြူခိုးတွေဝေနေတဲ့ တောင်နံရံတွေကို ပတ်ဖောက်ထားတဲ့ ရထားလမ်းလေးမှာ ရထားစီးပြီး ခရီးသွားရတာကို ကျွန်တော် အရမ်းသဘောကျတယ်....

အိမ်ပြန်တော့မယ်လေ..
မရောက်တာလည်း တော်တော် ကြာနေပြီပဲ.... ရန်ကုန်ကို ထွက်လာပြီးကတည်းက ဆယ်နှစ်အတွင်းမှာ လေးခါပဲ ပြန်ဖူးတယ်.. ပြန်ရင်လည်း ဟိုမှာ သုံးရက်ထက် တစ်ခါမှ ပိုမနေခဲ့ဖူးဘူး.. လုံးဝ ပြန်မရောက်ဖြစ်တာက  ငါးနှစ်ပြည့်တော့မယ်...

မေ့မရတဲ့ နေ့တွေရှိခဲ့ဖူးတယ်၊ အိပ်မရတဲ့ ညတွေရှိခဲ့ဖူးတယ်...
ဘယ်သူမှတော့ အိမ်နဲ့ ခွဲပြီးနေချင်ကြမယ်လို့ ကျွန်တော်မထင်ဘူး၊ ဒါပေမယ့် လူဆိုတာ ရည်မှန်းချက် ရည်ရွယ်ချက် ပြည့်မြောက်အောင်တော့ အချိန်ကျလာတဲ့ခါ အိမ်နဲ့ခွဲရတာပဲလေ.. ဒါကတော့ သိပ်မဆန်းပါဘူး..

ဆန်းတာကတော့ အရင်က ကျွန်တော် အိမ်မပြန်ချင်ဘူး....
ဘာဖြစ်လို့လည်းဆိုတော့ ရန်ကုန်ကို ထွက်လာတုန်းက တွေးခဲ့အတွေး ဖြစ်ချင်ခဲ့တဲ့အရာတွေ... ရန်ကုန်ရောက်လာတာ ဆယ်စုနှစ်တစ်ခုနီးပါး ကြာလာပေမယ့် ဖြစ်မလာသေးဘူးလေ....

ဒါပေမယ့် အိမ်ပြန်ချင်တဲ့ စိတ်ကူးတစ်ခုက..
ပြီးခဲ့တဲ့လထဲမှာ မထင်မှတ်ပဲ  ရောက်သွားခဲ့တယ်...  ကျောက္ကာလမ်းလို့ခေါ်တဲ့ မုံရွာတက္ကသိုလ် ကျောင်းသားတွေ ကျက်စားတဲ့ လမ်းမကြီးပေါ့.. ရန်ကုန်က လမ်းတွေနဲ့ ယှဉ်လိုက်ရင် သိပ်မကျယ်ပေမယ့် မုံရွာမြို့မှာတော့ အကျယ်ဆုံးလမ်းတစ်ခုပါပဲ..... ပိုထူးခြားတာက နှစ်ချို့ တမာပင်ကြီးတွေ လမ်းဘေးဝဲယာမှာ စီတန်း ပေါက်နေကြတယ်.... တမာပင် အဲလောက် အကြီးအကြီးတွေ နှစ်မိုင်သုံးမိုင်စာလောက် စီးတန်းပေါက်နေတဲ့ လမ်းမကြီးမျိုး တစ်ခြားဘယ်နေရာမှာမှ မတွေ့ဖူးဘူး... ရှိမယ်လို့လည်းမထင်ဘူး....

ကျောက္ကာ လမ်းမကြီးကတော့ ကျွန်တော်တို့ ကျောင်းတက်တုန်းက ပုံစံအတိုင်းပါပဲ တစ်ချို့ လမ်းလယ်ခေါင်မှာ သံဇကာတွေ ဆောက်ထားတာ လမ်းဘေးဝဲယာမှာ ဆိုင်ကယ်သွားဖို့ လမ်းလေးတွေ ချဲ့ထားတာကလွှဲရင် ဘာမှတော့ သိပ်ပြီး ထူးထူးခြားခြား ပြောင်းလှဲမသွားပါဘူး.. လမ်းဘေးဝဲယာက လက်ဖက်ရည်ဆိုင် တွေကလည်း အရင်တိုင်းပဲ.. ပြောင်းသွားတာကတော့ မျိုးကြီး တို့ လေးဖြူတို့ သီချင်းတွေနေရာမှာ ဆိုတေးသီချင်းတွေ ဖွင့်ထားတယ်....

ထားလိုက်ပါ..
ကျွန်တော် ပြောချင်တာက မရောက်တာကြာပြီ ဒါပေမယ့် ကိုယ်ကျင်လည်ခဲ့တဲ့ နေရာ... ပြန်ရောက်သွားတော့ အရင်က ဖြစ်ရတွေကို သတိမရတဲ့လူလို့ ရှိမှာ မဟုတ်ပါဘူး.. ကျောင်းတက်ဖူးတဲ့ နေရာဟောင်းမှာ စဉ်းစားရင်း ကျွန်တော် ကြီးပြင်းခဲ့တဲ့မြို့လေးကို ပြန်ဖို့ စိတ်ကူးရသွားတယ်....

ဆောင်းဝင်စညတွေရဲ့ မိုးကောင်းကင်မှာ
နဂါးငွေ့တန်း အဖြူရောင်လေး တောင်နဲ့မြောက် တန်းနေတာကို မြင်ရတယ်... အိပ်စက်နေတဲ့ ညတစ်ခုက ပုရစ်သံတွေနဲ့ ဆူညံနေတယ်.... လမ်းဘေးဝဲယာကို ကြည့်လိုက်ရင် အစိမ်းရောင်ကနေ အ၀ါရောင်ကို ကူးပြောင်းခါစ စပါးခင်းကြီးတွေရှိတယ်.....

မိုင်တွေ ဘယ်လောက်ပဲ ဝေးဝေး... ကိုယ့်ဒေသကိုတော့ ကိုယ်ပြန်ချင်ကြတာပဲ.... ဘယ်လောက် စုတ်တယ် ပြောပြော ကိုယ့်ဒေသက ကိုယ့်အတွေးထဲမှာ အမြဲလှနေမှာပဲ... ကိုယ့်ဘာသာကိုယ် ဘယ်လောက်ပဲ ငတ်နေငတ်နေ ကိုယ့်ဒေသလေးကိုတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ စိတ်ကူးယဉ်မိကြတဲ့ လူတွေကြီးပါပဲ...

အဲဒီလိုနဲ့ အိမ်ပြန်မဲ့နေ့ကို စိတ်ကူးနဲ့ တွေးကြည့်ရင်း..

Poemgrapher
2:00 AM October 16, 2012


No comments:

Post a Comment